Tuesday, November 1, 2016

ဟကိုနဲ နဲ့ အမဲရောင်ကြက်ဥ

တိုကျိုမြို့ရဲ့ အနောက်တောင်ဘက် ဖူဂျီတောင်အနီးမှာရှိတဲ့ စိတ်ဝင်စားဖွယ် သွားစရာနေရာလေးတစ်ခုပါ ...။

မြို့တော်တိုကျိုကနေ ၅၂.၈မိုင်အဝေးမှာ တည်ရှိပြီး ကားနဲ့ သွားရင် (ဟိုက်ဝေးလမ်းမသုံးပဲ ပုံမှန်လမ်းအတိုင်းဆို ) ၂-နာရီနဲ့ ၄၈-မိနစ်ကြာမှာဖြစ်ပါတယ်။ ကားလမ်းကြပ်ချိန်ဆို ပိုကြာတတ်ပါတယ်။


ပုံမှန်လမ်းသုံးမယ်ဆိုရင်တော့ လမ်းကြပ်ချိန် သတိပြုရမှာဖြစ်ပြီး ဟိုက်ဝေးလမ်းသုံးမယ်ဆိုရင်တော့ သွားရမယ့်လမ်းတလျှောက် ဖြတ်သန်းသွားလာရမယ့် မြို့နာမည်တွေ သိထားရပါမယ်။ ဟိုက်ဝေးလမ်းမှာ လမ်းခွဲတွေ တွေ့လာတဲ့အခါ ဘယ်လမ်းခွဲကို ရွေးချယ်မယ်ဆိုတာ ကြိုတင်သိထားဖို့လိုပါမယ်။ ဖုန်းမှာ လမ်းပြမြေပုံကြည့်သွားနိုင်ပေမယ့် ကားမောင်းနေစဉ် အရှိန်များနေတာရယ် ရုတ်တရက်အကွေ့တွေမှာ လမ်းခွဲတွေ တွေ့ရတတ်တဲ့အတွက် ကြိုတင်ပြီး လမ်းခရီးကို လေ့လာထားဖို့လိုတာဖြစ်ပါတယ် ...။
နောက်တစ်ခု သတိထားရမှာကတော့ ရာသီဥတုပါ။ ဂျပန်မှာ မုန်တိုင်းရှိတတ်တာ၊ မြူတွေ ဆိုင်းတတ်တာတွေရှိတဲ့အပြင်၊ သွားရမယ့်နေရာတွေက အမြဲပုံမှန် ဖွင့်တတ်တာလည်း မဟုတ်တဲ့အတွက် ကြိုတင်လေ့လာစုံစမ်းပြီးမှ သွားသင့်ပါတယ်။
အခုဒီနေရာကိုလည်း ဧပြီလကမှ ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ် ...။


အမဲရောင်ကြက်ဥအကြောင်းကတော့ ကြက်ဥကို ရေပူစမ်းက ရေနွေးနဲ့ ပြုတ်ထားတာပါ။ ထုံးဓာတ်များတဲ့ ရေနွေးပါဝင်တဲ့ ဓာတ်သတ္တိနဲ့ကြက်ဥ ပေါင်းစပ်လိုက်တဲ့ အခါ အသက်ရှည်ဆေးတစ်မျိုးလိုဖြစ်သွားရပါတယ်။
မြန်မာနိုင်ငံ ကျိုင်းတုံတာချီလိတ်ဘက်တွေမှာလည်း ရေပူစမ်းတွေရှိပါတယ်။ ရေပူစမ်းမှာ ကြက်ဥပြုတ်နဲ့ ရှမ်းရိုးရာအစားအစာများ စားသောက်အပန်းဖြေကြသလိုမျိုးပါ။ မြန်မာနိုင်ငံမှာတော့ ရေပူစမ်းက ကြက်ဥပြုတ် ကျန်းမာရေးနဲ့ ညီညွှတ်ကြောင်း သတင်းမကြားမိခဲ့ပါဘူး ...။
The boiled eggs turn black and smell slightly sulphuric; consuming the eggs is said to increase longevity. Eating one is said to add seven years to your life.
ဝီကီမှာ ရေးထားတာလေးပါ မျှဝေလိုက်ပါတယ်။
ဒီနေရာလေးမှာ တောင်တန်းတွေရဲ့ အလှသဘာဝနဲ့ အမဲရောင်ကြက်ဥပြုတ်စားပြီး ကောင်းကင်ရထားလုံးစီးနိုင်သလို ရေကန်ကြီးထဲ ပင်လယ်ဓားပြရွက်လှေကြီးလည်း စီးနိုင်ပါတယ်။ ဝါသနာပါရင် အချိန်လည်း ရမယ်ဆိုရင် ရေနွေးစိမ်ကန်မှာ ရေနွေးစိမ်ပြီးလည်း အနားယူနိုင်ပါတယ် ...။

မြန်မာတွေအနေနဲ့ လူငယ်တွေဆိုရင်တော့ နေ့ချင်းပြန်သွားနိုင်ပေမယ့် လူကြီးပါလာမယ်ဆိုရင်တော့ ဟကိုနဲဝန်းကျင်မှာ တစ်ညတာ ညအိပ်ရပ်နားပြီး ဖူဂျီတောင်နဲ့ ဖူဂျီတောင်ခြေနားမှာ ဈေးဝယ်ထွက်မယ်ဆိုရင် ပြီးပြည့်စုံပြီး ပျော်ရွှင်ဖွယ်အမှတ်တရခရီးစဉ်ဖြစ်မှာကတော့ အသေအချာပါပဲဆိုတဲ့ အကြောင်းလေးကို မျှဝေပေးလိုက်ပါတယ် ...။
ရွှင်လန်းချမ်းမြေ့ကြပါစေ ...။
AMARAWADI International